Saturday, November 12, 2011

နိဗ္ဗာန်ဈေးတဲ့ဗျ

ရန်ကုန်မြို့တော်ကြီးရဲ့အထင်ကရနေရာတစ်ခု၊ သင်တန်းပေါင်းစုံ၊ စီးပွားရေးပေါင်းစုံ၊ လူပေါင်းစုံတဲ့ နေရာ၊ ရှင်းရှင်းပြောရရင် လူကြီးလူငယ် အရွယ်မရွေးကြားမှာရေးပန်းစားတဲ့နေရာ၊ အဲဒီနေရာက လှည်းတန်းလို့ခေါ်တဲ့ ကမာရွတ်မြို့နယ်ပေါ။့ ၁၀.၁၁.၂၀၁၁ (ကြာသပတေးနေ့)မှာ ကျွန်တော်ရောက်သွားခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်ကအဲဒီနေရာမှာကျင်လည်နေရာ သုံးနှစ်နီးပါးလောက်ရှိနေပါပြီ။ ကျွန်တော်ကြားတော့ကြားဖူးတယ်ဗျ။ ကျွန်တော်ညံ့လို့ပဲလား၊ ကံကြမ္မာကပဲမကြုံသေးစေချင်သေးလို့လားမသိဘူး။ ကျွန်တော်အဲဒီနေရာကို အခုမှပဲရောက်ဖူးတော့တယ်။ ခေါ်သွားတဲ့လူကလည်း တခြားလူမဟုတ်ဘူးဗျ။ ကျွန်တော်ဘ၀ရဲ့ တစ်ယောက်တည်းသောချစ်သူဖြစ်တဲ့ ကျွန်တော်ရဲ့ဘ၀ကြင်ဖော်ဖြစ်လာမယ့်သူပါ။ (ဟဲဟဲ..ကြွားတယ်လို့တော့ မထင်ပါနဲ့၊ နောက်တစ်ခုပြောရဦးမယ် သူ()ကလှည်းတန်းသူဗျ)
ကျွန်တော်လိုက်သွားတယ်ပေါ့။ လမ်းနာမည်တွေကိုတော့မမှတ်မိလို့ မပြောပြတော့ဘူးနော်။ စိတ်မရှိပါနဲ့။ မှတ်မိသလောက်ပဲပြောပြတော့မယ်။ စိန်ဂေဟာဘေးနားမှာလမ်းလေးရှိတယ်ဗျ။ အဲဒီလမ်းကို ကျွန်တော်တို့ စ၀င်ကြတာပဲ။အဲဒီမှာပေါ့ဗျာ...အိုးကြီးတွေနဲ့အားရပါးရချက်နေကြတဲ့အလှူရှင်တွေများ ချွေးတွေတဒီးဒီးနဲ့တပင်တပန်း ကြီးကို ချက်နေကြတာဗျာ။ သူတို့ကြည့်ရတာ ပင်ပန်းတယ်လို့မထင်သလိုပဲ။ အဲဒါနဲ့ပဲ ကျွန်တော်တို့တွေ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ တစ်ရပ်ကွက်လုံးကိုလျှောက်ပြီးလှည့်ကြည့်ကြတယ်။ ကလေး၊ လူငယ်၊ လူကြီး၊ အဘိုး၊ အဘွား အစုံပါပဲ။ ကျွန်တော်ရောက်တော့ ညနေ (၄း၀၀) သူတို့ (အလှူရှင်တွေ)ပြင်ဆင်နေကြပြီလေ။ ကျွန်တော်ကမသိလို့မေးကြည့်တာပေါ့ဘယ်လိုလှူတာလဲလို့။ ကျွန်တော့်ကောင်မလေးကပြောပြတယ် ထိုင်ခုံတွေချထားတဲ့နေရာကိုတွေ့လို့ စားချင်ရင်ဝင်ထိုင်လိုက်ရုံပဲတဲ့၊ တော်ရုံဝန်ဆောင်မှုကောင်းပါတယ်ဆိုတဲ့ စားသောက်ဆိုင်ကိုသနားတာပေါ့၊ ၀င်ထိုင်တာနဲ့ သူတို့လှူတာတွေကိုချကျွေးတော့တာပဲ။ ထိုင်ခုံမပေးတဲ့နေရာ ဆိုလည်း ၀င်ရပ်လိုက်ရုံပဲ။ လှူတာတွေကတော့ အစုံပဲဗျို့။ ကြာဇံချက်(သူကတော့အများဆုံးပဲ) မုန့်ဟင်းခါး၊ သာကူ၊ ကြံရည်၊မုန့်ဖတ်ထုပ်၊မုန့်လက်ဆောင်း၊ရွှေရင်အေး၊ရေခဲမုန့်၊အအေး၊ကော်ပြန့်စိမ်း/ကြော်၊ ကော်ဖီနဲ့ကိတ်မုန့်တောင် ပါသေး။ အဲလိုပေါ့ဗျာ...စုံနေတာပဲ။ လူချမ်းသာများရပ်ကွက်မို့လို့လားတော့မသိဘူး လှူလိုက်တာကို သကြားပုလင်းထဲ ပုရွတ်ဆိတ်တွေဝင်တာ ကြနေတာပဲ (ကျွန်တော်တွေးကြည့်တာပါ) လာစားတဲ့လူတွေကလည်း ဆင်းရဲချမ်းသာမရွေးပဲဗျ။ အလှူရှင်တွေ ဒါနမြောက်၊ ပီတိဖြစ်စရာပါ။ မကုန်ဘူးဆိုတာမရှိသလောက်ပါပဲ။ ကျွန်တော်မေးကြည့် ရသလောက် (၅း၂၀)လောက်ဆိုရင် အားလုံးကုန်သလောက်ဖြစ်ပြီဆိုပဲ။ အဲဒါနိဗ္ဗာန်ဈေးတဲ့ဗျ။ ဗျတွေကြီးပဲလည်းထပ်နေပါပြီ။ ကျွန်တော်တစ်ကယ်အံ့သြတာပါ။ တစ်ရပ်ကွက်လုံးကို အုံးအုံးထနေကြတာပဲ။ ဒါတောင်ကျွန်တော်မရောက်တဲ့ တစ်ခြားနေရာတွေ(လှည်းတန်းထဲမှာပဲ)လည်းရှိသေးဆိုပဲ။ ကျွန်တော်ကတော့ ဗျာ(၅း၀၀)မထိုးခင်မိနစ်ပိုင်းအလိုမှာပဲ အခြေအနေအကြောင်းကြောင်းကြောင့်ပြန်ခဲ့ရတယ်။ ကျွန်တော် ကတော့မမေ့နိုင်အောင်ပါပဲ(ကောင်မလေးနဲ့သွားလို့လားမသိ)
နိဗ္ဗာန်ဈေးဆိုတဲ့နေရာကို ကျွန်တော်အသက် ၂၂ နှစ်အတွင်း ပထမဆုံးရောက်ဖူးတာ။ နိဗ္ဗာန်ဈေး ဆိုတာ လှူချင်တဲ့အလှူရှင်တွေက ကိုယ်နိုင်သလောက်ဝန်လေးနဲ့ ဖေါဖေါသီသီကို စတုဒီသာ ဝေကြတာပေါ့ဗျာ။ တကယ်ပဲပျော်ဖို့ကောင်းသလောက်ကို ပီတိလည်းဖြစ်ရပါတယ်။ သူတို့ရဲ့အလှူသဒ္ဓါတရား တွေကိုကြည့်ပြီး ကိုယ်ကိုယ်တိုင်လည်းဝင်လှူချင်စိတ် ကြည်နူးစိတ်၊ အားကျစိတ်တွေဖြစ်မိတာတော့ အမှန်ပါပဲ။
အချိန်ရရင်(connection ကောင်းရင်ပြောပါတယ်၊ ကျွန်တော်တို့နိုင်ငံ connection ကိုလည်းသိတယ် မလား၊ ဟိုတစ်ခေါက်ကလည်း ဘယ်သူတင်စားထားတာလဲမသိပါဘူး၊ လိပ် connection ဆိုပဲ) ကျွန်တော် ဓါတ်ပုံတွေကိုလည်း တင်ပေးလိုက်ပါဦးမယ်။ စိတ်ဝင်စားကြမယ်ဆိုရင်ပေါ့။ ဒါ Post ကလည်း ကြုံကြိုက်လို့ ကျွန်တော့်ခံစားမှုတွေကိုမျှဝေချင်လို့ပါ။ ကျွန်တော့် blog မှာကအဓိက,က ကဗျာနဲ့ ကွန်ပျူတာနည်းပညာ နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေပဲရေးမယ်လို့ စဉ်းစားထားတာ။ ကဲပါ... စာဖတ်သူအားလုံး... ကျေးဇူးအထူးတင်ပါတယ်။
  


1 comment:

yamin shwezin said...

ချစ်သူလေးနဲ့အဆင်ပြေပါစေလို့ ဆုတောင်ပေးပါတယ်နော်